လှိုင်းဘွဲ မေ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူငယ်များအနေဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ တစ်ယောက်နှင့်တစ်ယောက် အသိဗဟုသုတများ မျှဝေဖလှယ်နိုင်စေရန်အတွက် စာဖတ်ဝိုင်း များကို လစဉ်ဆောင်ရွက်လျက်ရှိရာ စာရေးဆရာ နိုင်းနိုင်းစနေ ရေးသားထားသော သတ္တိရှိတဲ့ ပထမခြေလှမ်းစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က မြို့နယ်အတွင်း ပြည်သူများအနေဖြင့် စာဖတ်ရှိန် မြင့်မားလာစေရန်၊ စာဖတ်ခြင်းကြောင့် အသိပညာ တိုးပွားလာခြင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးသန်းထွန်းနှင့် နန်းဇင်ဇင်ဖြိုးတို့က ဦးဆောင်ကာ စာရေးဆရာ နိုင်းနိုင်းစနေ ရေးသားထားသော သတ္တိရှိတဲ့ ပထမခြေလှမ်း စာအုပ်မှ ပထမခြေလှမ်း၊ ခွင့်လွှတ်စိတ်၊ စိတ်ကူးအိမ်မက်နှင့်မျှော်လင့်ချက်၊ စိတ်အလှတစ်ခု ဖန်တီးခြင်း လူ့ဘဝကို အရသာခံခြင်းနှင့် အောင်မြင်သူနဲ့ ကျရှုံးသူရဲ့ ကွဲပြားချက် စသည့်အကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သတ္တိရှိတဲ့ ပထမခြေလှမ်း စာအုပ်ကို စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းအားဖြင့် ဘဝရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားရာတွင် ဇွဲ၊ လုံ့လ၊ ဝိရီယတို့ကို အခြေခံပြီး ကြိုးစားခြင်း၊ ပိုမိုကောင်းမွန်သော အခွင့်အရေးကို ရှာဖွေခြင်း၊ သတ္တိရှိရှိ လှမ်းရဲသူသည် ထူးခြားသော အောင်မြင်မှုကို ရရှိခြင်း၊ အောင်မြင်မှုသည် အလိုအလျောက် ရောက်လာသော အရာမဟုတ်ဘဲ ကြိုးစာလေ့ကျင့်မှုမှသာ ရရှိနိုင်ခြင်း၊ စိတ်အားတက်ကြွဖွယ်ရာ ဘဝသတ္တိများ၊ အတွေး အမြင်များ၊ လူတစ်ဦးချင်းစီ၏ ပင်ကိုယ်အရည်အသွေးများကို နားလည်သိရှိသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)