ပွင့်ဖြူမြို့နယ်၌ မိသားစုဝင်ငွေတိုးပွားရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချသင်ကြားနေမှုအား တာဝန်ရှိသူများအဖွဲ့  ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပွင့်ဖြူ မေ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို မေ ၂ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သင်တန်းသား၊ သင်တန်းသူများ အခက်အခဲမရှိ အဆင်ပြေစွာ သင်ကြားနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ကျေးရွာရပ်မိရပ်ဖများ၊ သင်တန်းနည်းပြဆရာများနှင့်အတူ အခြေခံစက်ချုပ်သင်တန်း စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သင်တန်းသား၊ သင်တန်းသူများကို တွေ့ဆုံကာ သင်တန်း၌ သင်ကြားပို့ချသည့် သင်ခန်းစာများကို ဂရုတစ်စိုက် လေ့လာသင်ယူကြ စေလိုကြောင်း၊ သင်တန်းပြီးဆုံးချိန်တွင် လေ့လာသင်ယူခဲ့ရသည့် စက်ချုပ်ပညာရပ်အား အကျိုးရှိရှိ အသုံးချပြီး မိမိ၏ မိသာစု၊ မိမိ၏ ရပ်ရွာအတွက် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့ သည်။

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ စက်ချုပ်ပညာရပ် စိတ်ဝင်စားသည့် အမျိုးသား၊ အမျိုးသမီး သင်တန်းသားဦးရေ ၃၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် ကလေး၊ လူကြီး ကျား/မ အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်နည်းသင်ခန်းစာများကို မေ ၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ အချိန် (၁)လကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)