အထက်မင်းလှ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ(၅)နာရီက ကုန်းကြီးကျေးရွာဘုန်းကြီးကျောင်း မြရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းမှသင်ကြားပေးခဲ့သည့် နည်းပညာများအား ဆက်လက်အသုံးချ လုပ်ကိုင်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ခင်စန္ဒီကျော် (ဦးစီးအရာရှိ) နည်းပညာက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းတွင် သင်ကြားပေးခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းနည်းပြဆရာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းကို မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ သင်တန်းသား(၁၅)ဦးအား မေလ(၉)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)