မြိတ်မြို့တွင် အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေး

မြိတ် မေ  ၂၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ KG  မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ယမန်နေ့မှ စတင်၍ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား လာရောက်အပ်နှံလျက်ရှိကြရာ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်း အမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ” ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြသည်။

“ ကျောင်းနေအရွယ်ကလေးငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလှမ်းများ ရရှိပြီး ကျောင်းတက်နှုန်း ကျောင်းနေနှုန်း မြင့်မား လာစေရန်နှင့် အခမဲ့ ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံးကို ကျောင်းကိုရောက်ရှိဖို့ ကျောင်းအပ်နှံပေးကြဖို့ အထူးပြောလိုတယ်။ ကလေးငယ်တွေ အသက်အရွယ် အလိုက် ကာယဖွံ့ဖြိုးမှုနဲ့ ဉာဏဖွံ့ဖြိုးမှုတွေ တပြေးညီဆောင်ရွက်ဖို့ဆိုတာ အခြေခံပညာကျောင်းပဲရှိတဲ့အတွက်ကြောင့် မိဘအားလုံးကို မိမိတို့ရဲ့ ရင်သွေး ငယ်တွေ အရွယ်ရောက်ပြီး (၅)နှစ်ပြည့်ပြီး ကလေးအားလုံး ကျောင်းကိုရောက်အောင်ပို့ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု မြိတ်မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က ပြောသည်။

KG မှ Grade-12 ကျောင်းသား/သူများကို မေလ(၂၃)ရက်မှ(၃၁)ရက်အထိ ကျောင်းအပ်နှံရေး သီတင်း ပတ်အဖြစ် အတန်းစဉ်အလိုက် ကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ KG မှ Grade-6 မူလတန်းအဆင့် ကျောင်းသား/သူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Grade-7 မှ Grade-12  အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/သူများကို ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ် များကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ပညာရေးမှူးထံမှ သိရသည်။

မြိတ်မြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအသီးသီးတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း အထက်တန်း ကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း(၇၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၁၀)ကျောင်း စုစုပေါင်း(၁၅၆)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)