မယ်စဲ့ မေ ၂၄
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၃ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်အပ်နှံခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် KG မှ Grade - 12 အထိ ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိပြီး ကျောင်းအပ်နှံချိန်တွင် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask/ Face Shield တို့ကို နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ရာ ခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မင်းမင်းသန်းတို့က ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)