ပေါက် မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပေါက်မြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးနေဇော်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”နှင့်အညီ အခြေခံပညာကျောင်းများအလိုက် သတ်မှတ်ကာလအတွင်း သင်ယူပြီးမြောက်စေရေးအတွက် ကျောင်းအပ်နှံရေးလုပ်ငန်းကို မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ စေတနာရှင်များနှင့်မိဘပြည်သူများ ပူးပေါင်းပါဝင်လျက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းနေရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၃ခုနှစ် မေလ ၂၃ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ခြင်း၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့်အလိုက် ကျောင်းအပ်နှံရေးလုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ကျောင်းအပ်နှံရေးဦးစီးကော်မတီအဆင့်ဆင့်ဖွဲ့စည်း၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်ထွန်းက ကျောင်းအပ်နှံရေးေန့အခမ်းအနားကျင်းပရခြင်းအကြောင်းများနှင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေးအတွက် မိဘပြည်သူများ၊ ဆရာ/ဆရာမများ တက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြရန်မှာကြားပြီး ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာကျောင်းများသို့ ဗလာစာအုပ်များ၊ ခဲတံ၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံများကို လှူဒါန်းရာတာဝန်ရှိသူများမှ လက်ခံရယူသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းကော်မတီများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား/ကျောင်းသူများ စုတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုရွှေယော(အညာမြေ)