ဘောဂလိ အောက်တိုဘာ ၇
ကရင်ပြည်နယ်၊ ဘောဂလိမြို့အတွင်းရှိ ဒေသနေပြည်သူများသည် တစ်ပိုင်တစ်နိုင်ဝဥတူးဖော်ရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရှိရသည်။
အဆိုပါ ဝဥတူးဖော်ရာတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ လက်လုပ်လက်စားများအနေဖြင့် နေ့စဉ်ပုံမှန် ဝင်ငွေရရှိရေးအတွက် တောတောင်ထဲတွင် သဘာဝအတိုင်းပေါက်နေသော ဝဥများ တူးဖော်ရောင်းချလျက်ရှိပြီး ဝဥတူး ဖော်ခြင်းလုပ်ငန်းသည် အခြားစီးပွားရေးလုပ်ငန်းများကဲ့သို့ ငွေအရင်းအနှီးများစွာ မလိုအပ်ဘဲ လုပ်ကိုင် ရခြင်း ကြောင့် မိသားစုအပိုဝင်ငွေရရှိကာ တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရှိရ သည်။
ထို့ပြင် နေအိမ်ခြံဝင်းတွင်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ကြောင်း၊ နှစ်စဉ် တော်သလင်းလမှ စတင်၍ကျေးရွာအနီး ရှိ တောတောင်များတွင် တစ်ရက်လျှင် ဆယ်ပိဿာထိ တူးဖော်ရောင်းချရကြောင်း ယခုနှစ် ဝဥတစ်ပိဿာလျှင် ငွေ(၈၀၀) ကျပ်သာရရှိ၍ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း ဘောဂလိမြို့ ဒေသခံ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
နီလာအေး (ပြန်/ဆက်)