မြိတ်မြို့၌ ခေတ်မီရေငန်ပုစွန်မွေးမြူရေးစီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ စီမံကိန်းအကြောင်းအရာများ ရှင်းလင်း၍ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေး

မြိတ် မေ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာ အနီးတွင် Khine Zin Yaw Trading Co., Ltd မှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော ခေတ်မီရေငန်ပုစွန် မွေးမြူရေးစီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmental Impact Assessment - EIA) လုပ်ငန်းနှင့် ပတ်သက်၍ စီမံကိန်းအကြောင်းအရာ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းကို ယမန်နေ့က မြိတ်မြို့ မြန်အောင်ရပ် သဲကွင်း(၁)လမ်းရှိ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းကို  Khine Zin Yaw Trading Co., Ltd မှ ပုစွန်ကန် (၃၄)ကန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် (၂၀၀၀)ဝန်းကျင် မွေးမြူထုတ်လုပ် လျက်ရှိကြောင်း၊ ပုစွန်ကန်တစ်ကန်လျှင် ပုစွန်သားပေါက်ကို နွေရာသီ၌ ကောင်ရေ တစ်သန်း နှစ်သိန်းထည့်၍ မိုးရာသီ၌ ကောင်ရေ တစ်သန်းထည့်ပြီး မွေးမြူကြောင်း၊ ပုစွန်မွေးမြူရာတွင် ပုစွန်ကန် တစ်ကန်လျှင် ရက်ပေါင်း (၉၀)မှ(၁၁၀)ထိ ကြာမြင့် ကြောင်း၊ ပုစွန်မွေးမြူရေးစီမံကိန်းကို (၂၀၁၉)ခုနှစ်မှ ဒီဇင်ဘာလမှစတင်၍ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ဝန်ထမ်းအင်အား(၂၄၇)ဦးဖြင့် တစ်လလျှင် ပုစွန်တန်ချိန် (၁၆၀)မှ (၂၀၀)ဝန်းကျင်ထိ မွေးမြူထုတ်လုပ်လျက်ရှိကြောင်း ကုမ္ပဏီမှ သိရသည်။   

ခေတ်မီရေငန်ပုစွန် မွေးမြူရေးစီမံကိန်း၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် ခေတ်မီရေငန်ပုစွန် မွေးမြူ ရေးလုပ်ငန်းနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို Khine Zin Yaw Trading Co., Ltd မွေးမြူရေးတာဝန်ခံ ဦးညီညီသန်းက ရှင်းလင်းပြောကြားပြီး စီမံ ကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (Environmental Impact Assessment - EIA) လုပ်ငန်းစဉ်အား E Guard Environmental Services ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟ က ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံများက သိလိုသည်များကို မေးမြန်း၍ အကြံပြု ဆွေးနွေးခဲ့ကြရာ Khine Zin Yaw Trading Co., Ltd အုပ်ချုပ်မှု ဒါရိုက်တာ ဦးစန်းမောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အုပ်ချုပ်မှု ဒါရိုက်တာ ဦးစန်းမောင်က ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။ ဆွေးနွေးပွဲသို့ ကျွန်းစုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့် ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)