၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) အဝင်မုခ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့ ကေသရီဆောင် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

ပုသိမ် မေ ၂၄

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) အဝင်မုခ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့ “ကေသရီ” အိပ်ဆောင်ဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့ သည့် တက္ကသိုလ်အဝင်မုခ်ဦးအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) ကျောင်းသူ (၁၆၀)ဦးဆံ့ ၂၁၂ ပေ × ၁၃၂ ပေ RC နှစ်ထပ် "ကေသရီ”အိပ်ဆောင်အား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် “ကေသရီ”အိပ်ဆောင် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကာ အိပ်ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်း ဆောင်ရွက်ကြရန်၊ အိပ်ဆောင်အတွင်း အပြင်သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရန်နှင့် အဆောင်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အတွက် အရိပ်ရအပင်များ၊ ပန်းအလှပင်များ စနစ်တကျစိုက်ပျိုးထားရှိရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂၄) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂၀)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ (P.E.C) ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံမှုအခြေအနေများ၊ ပညာရေးဝန်ကြီး ဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ထုတ်ပေးနေမှုများ၊ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က "သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာန တာဝန်ရှိသူများ အနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံ တက်ရောက်စေရေးအတွက် ရပ်ကွက်ကျေးရွာများအလိုက် အသိပေးဆောင်ရွက်ကြရန်နှင့် နေ့စဉ် ကျောင်းအပ်နှံစာရင်းများအား တင်ပြကြရန်"  မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)