ဒေးဒရဲ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးရွာများရှိ မိုးစပါးစိုက်ပျိုးလယ်မြေများတွင် တစ်ဧက စပါး(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျေးလက်နေပြည်သူများ ဝင်ငွေအခွင့်အလမ်းများတိုးတက်စေရေးအတွက် စပါးအထွက်တိုးနည်းစနစ်များကို ကျေးရွာများအရောက်ဖြန့်ဝေပေးလျက်ရှိပြီး ယခုစီမံကိန်းအား ကျေးရွာတာဝန်ရှိသူများအနေဖြင့် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခြင်းဖြင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း မှာကြားဆွေးနွေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းထွန်းက စီမံကိန်းရည်မှန်းချက်များနှင့် တစ်ဧက စပါး (၁၀)တင်းထွက်ရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးရှင်းလင်းခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက ကျေးရွာအုပ်စုအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လျာထားဧကများကို ကျေးရွာအုပ်စုတာဝန်ရှိသူများထံ စီမံကိန်းလုပ်ငန်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၇၄၉၃၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် အထွက်ကောင်းမျိုး ပြောင်းလဲစိုက်ပျိုးခြင်း၊ ကြဲခင်းအထွက်တိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ နှုံးထည့်သွင်းစိုက်ပျိုးခြင်း၊ ကောက်ရိုးဆွေးထည့်သွင်းခြင်း၊ သစ်စိမ်းမြေသြဇာထည့်သွင်းစိုက်ပျိုးခြင်းနှင့် ဓာတ်မြေသြဇာအချိန်ကိုက် အချိုးချသုံးစွဲခြင်းစသည့် နည်းစနစ်များဖြင့် စပါးအထွက်နှုန်းတိုးထွက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အေဇာလင်း