အောင်လံမြို့နယ်၌ အခြေခံပညာကျောင်းများတွင် စတင်၍ကျောင်းအပ်လက်ခံ

အောင်လံ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲမှ စတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား အခမဲ့ဖြန့် ဝေပေးခဲ့သည်။

ထိုသို့ ကျောင်းအပ်နှံခြင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ(၂၃)ရက်မှ (၃၁)ရက်နေ့ထိဖြစ်ပြီး ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းအပ်နှံရေးအတွက် ကျောင်းနေအရွယ်ကလေး အားလုံးပညာမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်ပါအသိပညာပေး ဆိုင်းဘုတ်အား အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများ၌ စိုက်ထူးပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း(၂၅၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်း(၃)ကျောင်းရှိတို့တွင် ယနေ့နံနက်ပိုင်း၌ မူလတန်းအဆင့်(၉၃၀၂)၊ အလယ်တန်း အဆင့်(၂၄၈၀)၊ အထက်တန်းအဆင့်(၄၉၁) စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၂၂၇၃)ဦး ကျောင်းအပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းအပ်နှံသည့်နေရာများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများတို့က သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)