တမူး မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ စော်ဘွားရပ်ကွက်ရှိ သပြေညိုလမ်းနှင့် အောင်ရတနာလမ်း ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်နေမှုများအား မြို့နယ်အရည်အသွေးစစ်ဆေးရေး အဖွဲ့မှ မေလ ( ၂၃) ရက်နေ့ နံနက် (၉) နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို တမူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် သပြေညိုလမ်း အလျား (၄၁၀)ပေ၊ အနံ (၁၂) ပေ၊ အမြင့်(၇) လက်မထု ခင်းခြင်းလုပ်ငန်းအတွက် (၁၉.၅၀) ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအားလုံး၏ (၈၀) ရာခိုင်နှုန်းနှင့် အောင်တနာလမ်း အလျား (၃၉၀) ပေ၊ အနံ(၁၂) ပေ၊ အမြင့်(၇)လက်မ ထုခင်းခြင်းအတွက် (၁၈.၅၀) ကျပ်သန်းဖြင့်ဆောင်ရွက်ခဲ့ရာ (၅၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ လုပ်ငန်းများအားလုံး အရည်အသွေးကောင်းမွန်စွာနှင့် အချိန်မီ ပြီးစီးရေးအတွက် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမြင့်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးဇော်ခင်တို့မှ လမ်းခင်းနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ယခုဆောင်ရွက်နေသော လမ်းများသည် ယခင်က မြေသားလမ်းနှင့် ကျောက်ခင်းလမ်းများသာ ဖြစ်ပြီး ကွန်းကရစ်လမ်းများအဖြစ် ဆောင်ရွက်ပြီးစီးပါက မြို့၏ အဓိကလမ်းမဖြစ်သည့် အလောင်းဘုရားလမ်းမကြီးနှင့် ဆက်သွယ်သွားလာရာတွင် အဆင်ပြေစွာ သွားလာနိုင်မှာဖြစ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုနိုင်မှာဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။
တမူးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ (ငွေလုံးငွေရင်း)ခွင့်ပြုရန်ပုံငွေ (၁၅၀.၀၀) ကျပ်သန်းဖြင့် မြို့ပေါ်(၄) ရပ်ကွက်အတွင်း ကွန်ကရစ်လမ်း(၈) လမ်း၊ ကွန်ကရစ်တံတား (၁) စင်း၊ ကတ္တရာထပ်ပိုးလွှာ (၁)လမ်းတို့ကို ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။
ရတနာ