ငပုတော မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း ယနေ့နံနက် (၈)နာရီအချိန်မှ စတင်ပြီး ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းလာရောက်အပ်နှံသူ များပြားလျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့အပ်နှံရန်နှင့် (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရန်နှင့် ကျောင်းများအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိဘဲ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံတို့ကို ကျောင်းသား/သူများအား နိုင်ငံတော်မှ(အခမဲ့) ထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၇၅)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း (၇)ကျောင်းရှိပြီး ကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် (၂၃-၅-၂၀၂၃)မှစ၍ (၃၁-၅-၂၀၂၃)အထိ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်သူ(ပြန်/ဆက်)