ပဲခူး အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ အင်းတကော်မြို့ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးခွဲများတွင် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဒုတိယအကြိမ်အမည်စာရင်းကြေငြာထားမှုအား တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့်တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးကြည့်ရှုရာတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် မဲစာရင်း မှန်ကန်ရေး ဆန္ဒမဲပေးပိုင်ခွင့်သူများ၏ အမည်များကျန်ရှိမှု မရှိစေရေး ကိုယ်ရေးအချက်များ မှားယွင်းမှု မရှိစေရေးနှင့် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေးတို့ကို သတ်မှတ် ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့သည်။
ပဲခူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၁၀၆)ခုရှိပြီး မဲရုံပေါင်း(၂၀၆)ရုံရှိကာ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ (၃၉၆၇၁၁)ဦးခန့်ရှိပြီး တိုင်းရင်းသားဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၆၃၉)ဦးခန့် ရှိကြောင်း သိရသည်။
သဲစုအောင်(ပြန်/ဆက်)