စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးဆောင်ရွက်မှု လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မြင်းမူ  အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့်  (Cash For Work )  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကျေးရွာ(၁)ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီကို  ခွင့်ပြုချထားပေးပြီး၊ ကျေးရွာပြည်သူများ၏ ဆန္ဒကိုရယူကာ ကျေးရွာ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို  ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်  (COVID-19) ရောဂါ ဖြစ်ပွားနေသည့်   ကာလဖြစ်သည်နှင့်အညီ ကျေးရွာသူ / ကျေးရွာသားများ ပုံမှန်ဝင်ငွေပြန်လည်ရရှိနိုင်ရန်အတွက် ခွင့်ပြုငွေ၏ (၆၀)ရာခိုင် နှုန်းကို လုပ်အားခ အဖြစ်သတ်မှတ်ထားပြီး လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် (၄၀)ရာခိုင်နှုန်းကိုသာ ခွင့်ပြုဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။

မြင်းမူမြို့နယ်အတွင်း (Cash For Work )လုပ်ငန်းအစီအစဉ် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ကျွဲရိုက် ကျေးရွာတွင် အရှည်ပေ(၁၀၈၀)ရှိ ကွန်ကရစ်ဘီးလမ်း၊ ညောင်ရင်းကျေးရွာတွင် အရှည်ပေ(၈၈၀)ရှိ ကွန်ကရစ်လမ်း၊ ပဲတောင်း(မ)ကျေးရွာတွင် အရှည်(၇၆၂၀)ပေရှိ ရေပိုက် လိုင်းသွယ်တန်းခြင်း၊ ငါးကင်း(တ) ကျေးရွာတွင် အရှည်ပေ(၄၇၀၀)ရှိ ကျေးရွာတွင်းကုန်ထုတ်လမ်းဂျင်းခင်းခြင်း၊   စည်ပင်ကျေးရွာတွင် အရှည်ပေ (၁၅၀၀)ရှိ ကျေးရွာတွင်းဂျင်းလမ်းခင်းခြင်း၊  ကျေးရွာစာသင်ကျောင်းဆောင် အပြီးသတ်ဆောင်ရွက်ခြင်းနှင့် ဝမ်းပြည့်ကျေးရွာတွင် အရှည်ပေ(၈၂၀၀)ရှိ  ရေပိုက်လိုင်းသွယ်တန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အောင်စိုးဖေ(မြင်းမူ ပြန်/ဆက်)