ပြည်ကြီးမဏ္ဍိုင်၊ အောက်တိုဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ဒေသရှိပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါ ပြည်တွင်းကူးစက်မှုသတင်းအရ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်၊ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ယနေ့နံနက် ၁၀ နာရီက မြို့အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင်တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်သည်။
အစည်းဝေးတွင်ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်က ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ထုတ်ပြန်ပြီးအမိန့်နှင့်ညွှန်ကြားချက်များ တိကျစွာလိုက်နာနေထိုင်ရေး၊ ပြည်တွင်းကူးစက်မှုဦးရေများပြားလာသည့်အတွက် အမြန်ကာကွယ်ရေးဆောင် ရွက်နိုင်ရန်တို့ကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပြီး မြို့စည်ပင်သာယာရေးတာဝန်ခံ ဦးမျိုးအောင်၊ တိုက်နယ်ဆရာဝန် ဦးဖြိုးမင်းသိန်း၊ နာရေးကူညီမှုအဖွဲ့ဥက္ကဋ္ဌ ဦးဘခက်၊ ပရဟိတအဖွဲ့ဝင် ဒေါ်နီနီလှိုင်နှင့် မြို့ပြန်/ဆက်ဦးစီးမှူး ဦးမျိုးလွင်တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပညာပေးသီချင်း၊ အကဖျော်ဖြေပေးမှုများဖြင့် ပိုမိုထိရောက်သိရှိနိုင်ကြောင်း ကိုဗစ်-၁၉ လိုဂိုပါဝတ်စုံစရိတ်နှင့် ပြင်ဆင်ရန် အထွေထွေကုန်ကျစရိတ်များကိစ္စတို့ကို အသီးသီးတင်ပြဆွေးနွေးကြသည်။
မြို့အုပ်ချုပ်ရေးမှူးက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပညာပေးသီချင်း၊ အကတို့ဖြင့် ဆောင် ရွက်ရန် အတည်ပြုသည်။ လိုအပ်သည့် ကုန်ကျစရိတ်အတွက် သက်ဆိုင်သူများနှင့် ညှိနှိုင်းကာ ဖြည့်ဆည်းပေးမည်၊ တာ၀န်ခွဲဝေကာအမြန်အကောင်အထည်ဖော်ရန် အဆိုပါအစည်းအဝေးမှဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)