မုံရွာ မေ ၂၃
၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈နှစ်အောက် ပြေးခုန်ပစ်ပြိုင်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးလက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားများ အနေဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းများအတိုင်း လေးစားလိုက်နာပြီး ယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတစ်ဦးချင်း အောင်နိုင်ရေး၊ မိမိအသင်းအောင်နိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ကာ တိုင်းဒေသကြီး၏ဂုဏ်ကို အားကအားကစားဖြင့် မြှင့်တင်ပေးသွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်အသင်းမှ အသင်းအုပ်ချုပ်သူနှင့် နည်းပြထံ ငွေကျပ်သိန်း ၃၀ အား ထောက်ပံ့ ပေးအပ်ပြီး အောင်နိုင်ရေးအလံအား ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အသင်းအုပ်ချုပ်သူမှ ၂၀၂၃-ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)