ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းသုံးသောင်းခုနှစ်ထောင် ကျော်ထုတ်ချေးပေးမည်

ဘားအံ မေ ၂၃

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း စိုက်ပျိုးစရိတ်ချေးငွေပြေ ကျေပြီးသော ‌တောင်သူများအား ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ချေးငွေပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ငွေကျပ်သိန်းပေါင်း ၃၇၇၈၅ သိန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မေလ တတိယပတ်မှစ၍ စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ မိုးရာသီလယ် ယာလုပ်ငန်းခွင် ဝင်ရောက်ချိန်ဖြစ်သဖြင့် ယခုပေးအပ်မည့်စိုက်ပျိုး စရိတ်ချေးငွေသည် အချိန်ကိုက် အမှန်အထောက် အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊စိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီ ထုတ်ချေးပေးကြရန်၊ တောင်သူများမှလည်း သီးနှံပေါ်ချိန်၊ ငွေရွှင်ချိန်တွင် အပြည့်အဝပြန်လည် ပေးသွင်းကြရန်နှင့် ချေးငွေများအား လယ်ယာလုပ်ငန်းများတွင်သာအသုံးပြုပြီး အခြားနေရာများတွင် အသုံးပြုခြင်းမပြုကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်အတွင်း  ယခင်နှစ်ချေးငွေထုတ်ချေးပေးခဲ့မှုနှင့် ပြန်လည်ပေးသွင်း ပြီးစီးမှုအခြေအနေ၊ ယခုနှစ်တွင်သီးနှံအမျိုး အစားအလိုက် ထုတ်ချေးပေးမည့်ချေးငွေများအား တောင်သူလက်ဝယ်သို့ မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန် ထုတ်ချေးပေးနိုင်ရေးနှင့် အကျိုးရှိရှိ အသုံးချနိုင်ရေးရှင်းလင်းပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာက ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အချက်များအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာတို့က တောင်သူများထံ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခဲ့ကြပြီး တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲသို့ တက် ရောက်လာသော တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ မြန်မာ့စီးပွားရေးဘဏ်မှဝန်ထမ်းများက ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအုပ်စု ၆ အုပ်စု၊ တောင်သူဦးရေ ၁၄၄ ဦး၏ မိုးစပါးစိုက်ဧက ၉၆၁ ဧကအတွက် ချေးငွေပမာဏစုစုပေါင်း(၁၄၄၁ ဒဿမ ၅၀) ကျပ်သိန်း ထုတ်ချေးပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကမြင် ကျေးရွာ အုပ်စု၊ ရသဝေါရွာအနီးရှိ ရသဝေါအင်းကို ယာဉ်၊ယန္တရားများအသုံးပြု၍ အမြင့် ၁၃ ပေ၊ အလျား ၁၂၀၀ ပေရှိ မြေသားတမံ ဆောင်ရွက်ခြင်းနှင့်(၆ပေ x ၁၂ပေ)ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဦးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အများပြည်သူ အနားယူ အပန်းဖြေနိုင်ရေး ရသဝေါအင်းပတ်လမ်း ထည့်သွင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးမကျမီလုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။

အလားတူ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့နယ်၊ နောင်ထလုံး ကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်ဘိုတိုက်ကျောင်းဆရာတော်ဘဒ္ဒန္တအရိယဝံသအား ဖူးမြှော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ ဆန်၊ ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သင်တန်းဆင်းပွဲကိုကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာရှိဒေသခံပြည်သူများ အတွက် ဝါးအခြေခံလက်မှုထည်နည်းပညာသင်တန်းကိုဖွင့်လှစ်ပို့ချပေးခြင်းဖြင့် အသေးစားစက်မှု လက်မှုလုပ်ငန်းများပေါ်ထွန်းလာပြီး မိသားစုအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်း၊ တစ်ပိုင် တစ်နိုင်လုပ်ငန်းငယ်များပေါ်ထွန်းလာခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အထောက်အကူရရှိစေမည်ဖြစ်ကြောင်း၊ သင်တန်းတွင်သင်ကြားပေးသည့် စာတွေ့လက်တွေ့နည်းပညာများကိုအသုံးပြုပြီး မိမိတို့၏လက်တွေ့နယ်ပယ်အသီးသီးတွင် ပိုမို ကျွမ်းကျင်တက်မြောက်အောင် လေ့ကျင့်ကြိုးစားမှုတို့ဖြင့်ပေါင်းစပ်ကာ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်၍ မိသားစု ဝင်ငွေပိုမိုတိုးပွားရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ရာတွင် အထောက်အကူဖြစ်စေရန် သင်တန်းထူးချွန်ဆုရရှိသူ(၃)ဦးအား ဝါးနှီးဖြာစက်တစ်လုံးစီကို ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ပြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ သင်တန်းသား၊သင်တန်းသူများက ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား သင်တန်းထွက်ကုန်ပစ္စည်းများအား လက်ရောက်ပေးအပ်သည်။

ထို့နောက် သင်တန်းဆင်းသင်တန်းသား၊သင်တန်းသူများကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်း သား၊သင်တန်းသူများကိုယ်တိုင်ပြုလုပ်ထားသော သင်တန်းဆင်းလက်ရာများ နှင့် ဝါးနှီးဖြာစက်ဖြင့် သရုပ်ပြနှီးဖြာမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြကာ ဝါးနန်းဆွဲခြင်း၊ တာရှည်ခံနည်း၊ ဆေးဆိုးနည်း၊ ခွေထည်၊ ရက်ထည်၊ အပ်ထည် ပြုလုပ်နည်း၊ ဝါးဖြင့်ပြုလုပ်သော နာရီ၊ မီးအိမ်၊ တစ်ရူးဘောက်၊ ယပ်တောင်၊ အုပ်ဆောင်း အစရှိသည့် ဝါးလက်မှုထည်ပြုလုပ်ခြင်းများ အပြင် ဝါးနှင့်ပတ်သက်သည့်အထွေထွေ ဗဟုသုတများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက မေလ ၈ ရက်နေ့မှ ၂၂ ရက် နေ့ထိ ၁၅ ရက်ကြာ စာတွေ့ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)