ပြည်မြို့နယ်အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာလာရောက် စတင်ကျောင်းအပ်နှံ

ပြည် မေ ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်(ပထမနေ့) မေ၂၃ရက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာလာရောက် ကျောင်းအပ်နှံလျက်ရှိ‌ကြောင်းသိရသည်။

ကျောင်းအပ်နှံရာတွင် KGတန်းမှ Grade-12 အထိ အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အတန်းအလိုက်ဘာသာစုံသင်ရိုးညွှန်းတမ်း ပြဌာန်းပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ် တစ်ဒါဇင်စီအပါအဝင် ဘောပင်နှင့် ခဲတံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်ကြောင်းနှင့် ယင်းအပြင် Grade-1 မှ Grade-5အထိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကိုလည်း ထောက်ပံ့ပေးအပ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင် ထံမှသိရသည်။

ပြည်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၂)ကျောင်း၊ အထက(ခွဲ)၉ကျောင်းနှင့် အလယ်တန်းကျောင်း(၈)ကျောင်းအပါအဝင် အခြေခံ ပညာကျောင်းပေါင်း ၁၈၈ ကျောင်းရှိပြီး အဆိုပါကျောင်းများတွင်  ယခုမေ၂၃ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အတွင်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး နေ့စဉ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဇွန် ၁ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ် သင်ကြား/ သင်ယူမှုဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုဆက်(ပြန်/ ဆက်)