သရက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

သရက် မေ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် "ကျောင်းနေ အရွယ်ကလေးများအားလုံးပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စိန်ရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)က အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့်အတူ သက်ဆိုင်ရာဌာနများကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ခရိုင်ပညာရေးမှူးက ပညာရေးလမ်းညွှန်မှာကြားချက် ပြောကြားရာတွင် မေလ(၂၃)ရက်မှစတင်၍ ကျောင်းအပ်လက်ခံပြီး ဇွန်လ(၁)ရက်တွင် စာစတင် သင်ကြားမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး သန့်ရှင်းရေးမှစ၍ အစစအရာရာ အဆင်ပြေချောမွေ့အောင် ကျောင်းအုပ်ကြီးများ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပစ္စည်းများအား တာဝန်ရှိသူအသီးသီးမှ ထောက်ပံ့ပေးအပ်ပြီး  မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

သရက်မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများတွင် (KG) မှ (Grade-12) အထိ မေလ (၂၃)ရက်မှ (၃၁)ရက်အထိ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပြီး ဇွန်လ(၁)ရက်တွင် ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရှိရသည်။

ဇော်ထက် (သရက်)