စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကောလင်း အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် (ဒုတိယ)အကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ကောလင်း မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်ဝင်၊ ကောလင်း မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်တွင် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲဆန္ဒရှင်စာရင်းများအား (၂၅-၇-၂၀၂၀)ရက်နေ့မှ (၇-၈- ၂၀၂၀) ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုများတွင် (၁၄) ရက်တိုင်တိုင် (ပထမ)အကြိမ် ကပ်ထားကြေညာပြီး (ဒုတိယ) အကြိမ် အောက်တိုဘာ ၁ရက်နေ့မှ ၁၄ရက်နေ့အထိ ကပ်ထားကြေညာထားမှာဖြစ်ပြီး ပြည့်စုံမှန်ကန်သောမဲဆန္ဒရှင် စာရင်းဖြစ် စေရေးအတွက် မိမိတို့၏အမည်စာရင်း မဲစာရင်းတွင်ပါဝင်ခြင်းရှိမရှိ လာရောက် ကြည့်ရှုခြင်း၊ ပါဝင်ခြင်းမရှိပါက အမည် စာရင်းထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် တောင်းဆိုခြင်း၊ မဲစာရင်းတွင်မပါဝင်သင့်သူများပါဝင်နေပါက ကန့်ကွက် လွှာပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းတွင်ပါဝင်သည့် မိမိ၏မဲစာရင်းအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာ ပုံစံ(၄-ဂ) ဖြင့်ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများအား လာရောက်ကြည့်ရှု့ပေးပါရန်နှင့် ပုံစံ(၃)၊ ပုံစံ (၄)၊ပုံစံ(၄-ဂ) များအား သက်ဆိုင်ရာ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ပါကြောင်းသိရပါသည်။

မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ မဲရုံပေါင်း(၁၃၃)ရုံရှိပြီး လက်ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၃၉၈၃)ဦး ဆန္ဒမဲပေးပိုင်ခွင့်စာရင်းများအား အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ရက်နေ့အထိ  မဲစာရင်းများကို ထုတ်ပြန်ကြေညာသွားမည် ဖြစ် ကြောင်း သိရသည်။

မြင့်ထွန်းမင်း ( မြို့နယ် ပြန်/ဆက်)