ကြံခင်း မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်အတိုင်း ယနေ့နံနက် (၈)နာရီအချိန်မှစတင်ပြီး ကြံခင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင်ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနမှ (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့ အပ်နှံရန်၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1)သို့ အပ်နှံရန်နှင့် ကျောင်းများအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိပါ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံတို့ကို ကျောင်းသား/သူတိုင်းအား နိုင်ငံတော်မှ (အခမဲ့)ထောက်ပံ့ပေးပြီး ကျောင်းအပ် လက်ခံဆောင်ရွက်ပေးကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၄)ကျောင်းရှိရာ (အ.ထ.က)ကျောင်း (၇)ကျောင်း၊ (အ.ထ.က/ခွဲ)ကျောင်း (၄)ကျောင်း၊ (အ.လ.က)ကျောင်း (၆)ကျောင်း၊ (အ.လ.က/ခွဲ) ကျောင်း (၃)ကျောင်း၊ (မူ/လွန်၊ အ.မ.က)ကျောင်း (၃)ကျောင်း၊ (အ.မ.က)ကျောင်း (၉၈)ကျောင်း၊ (မူ/ခွဲ အ.မ.က)ကျောင်း (၁)ကျောင်းနှင့် ဘုန်းတော်ကြီးစာသင်ကျောင်း (၂)ကျောင်းရှိပြီး ကျောင်းများအားလုံး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် (၂၃-၅-၂၀၂၃)မှစ၍ (၃၁-၅-၂၀၂၃) အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)