ကျောင်းကုန်းမြို့၌ စီမံကိန်းတာဝန်ပေးအပ်ပွဲနှင့် မိုးစပါးထောက်ပံ့ပေးအပ်

ကျောင်းကုန်း မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ မုန်းသီတာကုမ္ပဏီ၌ ၂၀၂၃ ခုနှစ် မိုးစပါးရာသီ အတွက် မျိုးစေ့ထုတ် ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်ခြင်း၊ ဆာဖိုးသာ(၁)၊ ဆင်းသုခ R-S to C-S ဧက(၅၀၀) စီမံကိန်း တာဝန်ပေးအပ်ပွဲ နှင့် မိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်/တိုး/မြှင့်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက တစ်ဧကလျှင် စပါး(၁၀)တင်းနှုန်း တိုးထွက်စေရေးအတွက် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း၊ ကောင်းမွန်သည့် မျိုးစေ့ဖြင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်မည်ဆိုလျှင် စပါးအထွက်နှုန်း တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်/တိုး/မြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူများအား မိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အခမ်း အနားသို့ မြို့နယ်စိုက်/တိုး/မြှင့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)