ကန်ကြီးထောင့် မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း ထူးခြားဖြစ်စဥ် သတင်းများနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ စောလျင်စွာ တိကျမှန်ကန်သော မြေပြင်သတင်းအမှန် ရရှိစေရေး သတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန OSS အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ထူးခြားဖြစ်စဥ်သတင်းများ အချိန်နှင့် တစ်ပြေးညီရောက်ရှိရေး၊ သတင်းမှန်ကန်မြန်ဆန်စေရေး၊ ပူးပေါင်းဆောင်ရွက်ရမည့် အဖွဲ့ အစည်းများ စသဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်ကြီး နိုင်လင်းထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးကြည်က ဧည့်စာရင်းများစစ်ဆေးရေး၊ လူစိမ်းအဝင်အထွက်များ ဂရုပြုကြ ရေး၊ မှုခင်းကျဆင်းရေးနှင့် ယာဥ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့ သည်။
ထို့နောက် တက်ရောက်လာကြသော မြို့ပေါ်ရပ်ကွက်နှင့် တကုန်းကြီး တိုက်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်း ရရှိသည်။
မဇင်(ပြန်/ဆက်)