ဒေးဒရဲ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကျေးရွာများရှိ တောင်သူများ၏ စိုက်ပျိုးမြေများ အထွက်နှုန်းပိုမိုတိုးတက်စေရေးအတွက်နည်းပညာနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သံဒိဇီးဖြူကုန်း ကျေးရွာအုပ်စုရှိ စိုက်ပျိုးမြေများတွင် မြေဆီလွှာဓာတ်ခွဲစစ်ဆေးချက် ရလဒ်များအရ အချဥ်ဓာတ် များလျက်ရှိသော လယ်မြေများအား အချဥ်ဓာတ်လျော့နည်း၍ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ထုံးထည့်သွင်းစိုက်ပျိုးခြင်းသရုပ်ပြပွဲ အခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းထွန်းက စိုက်ပျိုးမြေများတွင် ထုံးထည့်သွင်းခြင်းဖြင့် အပင်ကို အဆိပ်အတောက် ဖြစ်စေသော ဓာတ်များလျော့နည်းစေပြီး မြေဆီလွာချဥ်ငန်ဓာတ်လျော့နည်းစေခြင်း၊ မြေဆီလွှာ၏ ဂုဏ်သတ္တိများပိုမိုတိုးတက်စေပြီး အာဟာရဓာတ်များ ရရှိမှု မြင့်မားလာမည် ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး စိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ သံဒိဇီးဖြူကုန်း(တောင်)ကွင်းရှိ တောင်သူ ဦးကျော်ဆန်းလွင်၊ ဦးသန်းထွန်းနှင့် ဦးအောင်ဆန်း၏ လယ်မြေများတွင် မြေဆီလွှာဓာတ်ခွဲစစ်ဆေးချက်အရ အချဥ်ဓာတ် များလျက်ရှိသော စိုက်ပျိုးမြေများကို အချဥ်ဓာတ်လျော့နည်းစေရန် တစ်ဧက ထုံး(၃၀၀) ပိဿာနှင့် မြေဆီလွှာ ဖွံဖြိုးတိုးတက်ရန် တစ်ဧကလျှင် ကျောက်မှုန့်(၂၀၀)ပိသာ ထည့်သွင်းခြင်းကို ဒေသခံတောင်သူများ ပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း