သာယာဝတီ၌ အသက်(၆)လမှ(၃)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်

သာယာဝတီ မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အသက်(၆)လမှ(၃)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၉ နာရီက သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သာယာဝတီခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌဒေါ်သန့်ဇင်ထွန်းက ယနေ့ခေတ်သည် အမျိုးသားနှင့်အမျိုးသမီးများ တန်းတူအလုပ်လုပ်ကိုင်ကြရပါကြောင်း၊ မိဘနှစ်ဦးလုံးလုပ်ငန်းခွင်ဝင်ရောက်နေချိန်တွင် ကလေးများကို ပြုစုစောင့်ရှောက်ရေးအတွက်လစ်ဟင်း၍မရပါကြောင်း၊ ကလေးဘဝတွင် ကောင်းမွန်စွာပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံသင့်သည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကာလမှပင် စတင်ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ အသက်(၆)လမှ (၃)နှစ်အရွယ်သည် နေ့ကလေးထိန်းအရွယ်ဖြစ်ပြီး အသက်(၃)နှစ်မှ(၅)နှစ်အရွယ်သည် မူလတန်းကြိုအရွယ်ဟု အသက်အရွယ် အလိုက်သတ်မှတ်ထားရှိပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါ်သီသီထွန်းက အသက်(၆)လမှ(၃)နှစ်အရွယ် ကလေးသူငယ်များအား ပြုစုစောင့်ရှောက်နိုင်ရေးအတွက် နေ့ကလေးထိန်းဌာနများဖွင့်လှစ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ အသက်(၂)နှစ်မှ(၃)နှစ်အရွယ်ကာလသည် နည်းစနစ်မှန်ကန်စွာဖြင့် ဖွံ့ဖြိုးရန်လိုအပ်ပါကြောင်း၊ အိမ်တစ်အိမ်တွင် တစ်ဦးတည်းနေရသည့်ကလေးထက် နေ့ကလေးထိန်းနှင့် မူလတန်းကြိုကျောင်းတွင်နေရခြင်းဖြင့် အများနှင့်ထိတွေ့မှုရရှိပြီး ကလေးများ ပိုမိုတိုးတက်ပါကြောင်း၊ ကစားခြင်းသည် ကလေးများအတွက် မရှိမဖြစ်အရေးပါ ပါကြောင်း၊ စုပေါင်းကစားခြင်းများကို ထိတွေ့ခံစားရခြင်းကြောင့် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်လာခြင်း၊ အပေးအယူ၏ သဘောသဘာဝကို ငယ်စဉ်ကတည်းက သိရှိနားလည်လာခြင်း၊ သူ့အလှည့်ကိုယ့်အလှည့် နားလည်မှုရှိခြင်းတို့ဖြင့်  လူမှုသဟဇာတဖြစ်ခြင်းကို ဖေါ်ဆောင်နိုင်ကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မေလ ၂၃ ရက်မှ ဇွန်လ ၁၂ ရက်နေ့ထိ ရက်သတ္တပတ် ၃ ပတ်ကြာမြင့်မည်ဖြစ်ပြီး နည်းပြဆရာမ ၆ ဦးဖြင့် သင်တန်းသူစုစုပေါင်း(၃၀)ဦးတက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)