ကျိုက်လတ် မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်နိုင်ရေးအတွက် နိုင်ငံတော်က စီစဥ်ဆောင်ရွက်ပေးနေကြောင်း၊ ပညာသင်ကြားရေးအတွက် လည်း အခမဲ့ပညာရေးစနစ်ဖြစ်ကြောင်း၊ ဗလာစာအုပ်၊ခဲတံ၊ ပုံနိပ်စာအုပ်၊ ကျောင်းဝတ်စုံ စသည်ဖြင့် အတန်းအလိုက် ဖြည့်ဆည်း ပေးနေကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကံ၊ဥာဏ်၊ဝိရိယ ဖြင့်အားစိုက်၍ ကြိုးစားကြစေ လိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုများနှင့် ပတ်သက်၍ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူ များ သိသင့်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)