မိုးညို မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၈)ရက်နေ့မှစတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူလက်ဝယ်အရောက် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး စပါး(၁)ဧကလျှင် ၁၅၀၀၀၀/- ကျပ်နှုန်းဖြင့်လည်းကောင်း၊ နှမ်း(၁)ဧကလျှင် ၁၀၀၀၀၀/- ကျပ်နှုန်းဖြင့်လည်းကောင်း ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းအနေဖြင့် ငွေကျပ် ၁၀၀/- လျှင် တစ်နှစ်(၅)ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးဆပ်ရန် နောက်ဆုံးသတ်မှတ်ရက်တွင်အရင်းနှင့်တကွ ကျသင့်အတိုးကို ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၇)အုပ်စုမှ တောင်သူ(၆၂၄၅)ဦး၊ စိုက်ဧက(၄၄၃၅၀)အတွက် ငွေကျပ်(၆၃၉၅၀၀၀၀၀၀)အား ထုတ်ချေးပေးရန် လျာထားဆောင်ရွက်လျက်ရှိရာ မေလ(၂၂)ရက်နေ့အထိ ကျေးရွာအုပ်စု(၂)အုပ်စု၊ တောင်သူ(၁၂၈)ဦး၊ စပါးနှင့်နှမ်းစိုက်ဧက(၈၁၅)အတွက် ငွေကျပ်(၁၁၄၇၅၀၀၀၀)အား မြို့နယ်ဘဏ်ခွဲမှ ထုတ်ချေးပြီးစီးကြောင်း မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)