ရေဦး မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သန္ဓေမီးသတ်အဖွဲ့နှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက ဗိုလ်အောင်ဇေယျရပ်ကွက်သို့ ကွင်းဆင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
“သွေးလွန်တုပ်ကွေးရောဂါဟာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်၊ မေလကနေပြီး ဇွန်လအထိ က သွေးလွန်တုပ်ကွေးအဖြစ်များတဲ့ လဖြစ်ပါတယ်၊ အသက်ဆုံးရှုံးတဲ့အထိဖြစ်တတ်ပါတယ်၊ အဲလိုမဖြစ်ကြရလေအောင် ကျွန်မတို့ လူမှုရေးအဖွဲ့နဲ့ ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး ရပ်ကွက် အတွင်း ကွင်းဆင်း၍ နေအိမ်၌ ထားရှိထားတဲ့ ဘုရားအိုး၊ နတ်အိုး၊ ပန်းအိုးများနေ့စဉ် ရေလဲလှယ်ပေးရန်၊ ရေသို လှောင်ကန်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး စနစ်တကျ ဖုံးအုပ်ထားရှိဖို့ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်၊ ရေကန်အတွင်း အဘိတ်ဆေးများခပ်ထားရန်၊ သွေးလွန်တုပ်ကွေးရောဂါက ကလေးများတွင် အဖြစ်များသလို ကိုယ်ဝန်ဆောင် သည်နှင့် မွေးကင်းစ ကလေးသူငယ်များမှာ ပြင်းထန်တဲ့သွေးလွန်တုပ် ကွေးရောဂါဖြစ်နိုင်ချေ ပိုများပါ တယ်၊ မိဘများအနေဖြင့် ပေါပေါ့ဆဆမနေအပ်ပါဘူး၊ နှစ်ရက်မှ ခုနှစ်ရက်အထိဖျားတတ်ပါတယ်၊ အတွေ့များသော ရောဂါလက္ခဏာတွေကတော့ “မအီမသာ ဖြစ်နေခြင်း၊ အော့အန်ခြင်း၊ အနီစက်များ ထွက်ခြင်း၊ မျက်လုံး၊ ကြွက်သား၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း ဒါ့ပြင် ဝမ်းဗိုက်နာ ခြင်း၊ ၂၄ နာရီအတွင်း သုံးကြိမ်အော့အန်ခြင်း၊ ဝမ်းသွားလျှင် သွေးပါခြင်း၊ နှာခေါင်း၊ သွားဖုံးမှ သွေးထွက်ခြင်း၊ သွေးအန်ခြင်း၊ မောပန်းပြီးအားအင်ချိနဲ့ခြင်း စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်လာပြီ တွေ့လာပြီဆိုပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ ပြသ၍ ကုသကြရန် အရေးကြီးပါတယ်” ဟု မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က အသိ ပညာပေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့တို့က ရပ်ကွက်တွင်း တစ်အိမ်တက်/ဆင်း ကွင်းဆင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေး ပြောကြားခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျ အဘိတ်ဆေးခတ်ပေးခြင်းများ၊ အဘိတ်ဆေးပေးဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)