အုတ်ဖို မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို အုတ်ဖိုမြို့နယ်အတွင်းရှိ အ.ထ.က(၅)ကျောင်း၊ အ.ထ.ကခွဲ(၈)ကျောင်း၊ အ.လ.က(၁၄ )ကျောင်း၊ အ.လ.ကခွဲ(၉)ကျောင်း၊ မူလွန်(၂၀)၊ အ.မ.က(၁၂၁)ကျောင်း၊ အ.မ.ကခွဲ(၁) ကျောင်း စုစုပေါင်း(၁၇၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း ကိုယ်ပိုင်ကျောင်း(၂)ကျောင်းတို့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည်တို့အပြင် သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းဝတ်စုံ(၁)စုံတို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းအပ်နှံခြင်းများကို မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာကျေးရွာအလိုက်ကျောင်းအုပ်ကြီးများကကြီးကြပ်၍ ဆရာ/ဆရာမများက မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့ထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)