မြဝတီ မေ ၂၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ပြေးဆွဲလျက်ရှိရှိသည့် သုံးဘီးယာဥ်များအား စည်းကမ်းရှိစွာဖြင့် စနစ်တကျ မောင်းနှင်စေရေး၊ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းညွှန်အမှတ်သားများအား သိရှိစေရေး အသိပညာပေးဟောပြောပွဲကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၇၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးရဲမှူး အောင်လင်းဌေးက သုံးဘီးယာဥ်များ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ လမ်းညွှန်အမှတ်သားများ၊ ယာဥ်နှင့်ယာဥ်မောင်းများ၏ မတော်တဆမှုများ ဖြစ်ပွားပါက ပြဋ္ဌာန်းထားသည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ မြဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ဇေဝင်းက ယာဥ်မှတ်ပုံတင်၊ ယာဥ်မောင်းလိုင်စင် သက်တမ်းတိုးဆောင်ရွက်ရမည့် အခြေအနေများ၊ မြဝတီခရိုင် ကုန်းလမ်းပို့ဆောင် ဆက်သွယ်ရေးစီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထင်ကျော်က ယာဥ်လိုင်းများဖွဲ့စည်းမှုနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအားလည်းကောင်း အသီးသီး အသိပညာပေးဟောပြောသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ရွှေမြဇော် စင်းလုံးငှားသုံးဘီးယာဥ်အသင်းရှိ သုံးဘီးယာဥ်မောင်းများ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)