ငါးသိုင်းချောင်း မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့ နံနက်(၈) နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်တိုးချဲ့လမ်းများတွင် ဆောင်ရွက်ခဲ့ကြ သည်။
ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)ကြောင့် မိုးရွာသွန်းပြီး ခြင်ပေါက်ဖွားမှု များပြားလာနိုင်ခြင်း၊ ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဆောင်ရွက်ပြီး ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများ၊ ရေအိုးများအား အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)