ဇီးကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ဇီးကုန်း မေ ၂၃

"၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၀၄)ကျောင်း၌ KG တန်းမှ GRADE-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာဆရာမများမှ ကျောင်းသားကျောင်းသူများ ကျောင်းအပ်ခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် KG မှ ပဉ္စမတန်းအထိကျောင်းဝတ်စုံများကို (အခမဲ့)ထုတ်ပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် အခြေခံပညာကျောင်း(၁၀၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၅)ကျောင်းတို့၌ မေလ(၂၃)ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

တင့်ဆွေ(ပြန်ဆက်)