ပုသိမ် မေ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း(လပွတ္တာ)၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၈)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၅)၊ ဂဟေသင်တန်း အမှတ်စဉ် (၁၅)၊ မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၁၀)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ များအား ယမန်နေ့ နံနက်ပိုင်းက လပွတ္တာ(၃)မိုင်မြို့သစ်ရှိ အဆိုပါ သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းများဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းအားဖြင့် တိုင်းဒေသကြီးအတွက် များစွာအကျိုးပြုနေပါ ကြောင်းနှင့် လိုအပ်ချက်များကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သင်တန်းတတ်မြောက်အောင်မြင်သွားသည့် လူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့်လမ်းများ ရရှိသည့်အတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ရခြင်းသည် များစွာအကျိုးရှိပါကြောင်း၊ နယ်စပ် ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲရေး၊ နယ်စပ်ဒေသတွင် နေထိုင် သော ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းများတွင်လည်း နည်းပညာမြင့် သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးလျက် ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှဆင်း၍ လက်တွေ့လုပ်ငန်းခွင်နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လိုအပ်ချက်များကိုလည်း အကြံပြုဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ သင်တန်းကာလ၌ ကြိုးစားဆောင်ရွက် သွားရန်လည်းလိုပါကြောင်းနှင့် သင်ကြားပေးသည့် အတတ်ပညာများကိုလည်း စနစ်တကျတတ်မြောက်အောင် သင်ကြားကြ ရန် လိုပါကြောင်း၊ သင်ယူတတ်မြောက်သည့် ပညာရပ်များဖြင့် မိမိတို့၏မိသားစု၊ မိမိတို့၏ ဒေသအတွက် ပြန်လည်အကျိုးပြုကြ စေလိုကြောင်း" ပြောကြားပြီး သင်တန်းသားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အဝင် ဝန်ကြီးများနှင့်အတူ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ရာ ခရိုင်စိုက်တိုးမြှင့် အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးတို့က တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အထွက်နှုန်း ကောင်း မျိုးစပါးများဖြင့် မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ မြေပြုပြင်ခြင်း၊ ရေလုံလောက်စွာ ရရှိရေးဆောင်ရွက်ပေးခြင်း၊ ကြဲခင်းစနစ် စိုက်ဧကများလျော့ချခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်မြေသြဇာ၊ ဇီဝမြေသြဇာ၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) တို့အား မျှတစွာသုံးစွဲခြင်း၊ ရိတ်သိမ်းခြွေလှေ့ချိန် အလေအလွင့်နည်းပါးစေရေး အလေးထားဆောင်ရွက်ရေးတို့ကိုလည်း သက်ဆိုင်ရာ စိုက်တိုးမြှင့်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စနစ်တကျ ကြပ်မတ်ကွင်းဆင်း၍ အသိပညာပေး ဆောင်ရွက်ရန် လိုပါကြောင်းနှင့် စာရင်းဇယားဖြင့် စနစ်တကျမှတ်သားတင်ပြကြရန်” ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ထင်းရှုးမြိုင်လမ်းနှင့် ပိတောက်လမ်းထောင့်ရှိ လပွတ္တာမြို့နယ် တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ သည်။ ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကြခဲ့သည်။
ဆက်လက်၍ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ Royal Ayar Creative & Construction Co., Ltd ကုမ္ပဏီဒါရိုက်တာက အဆောက် အဦ တည်ဆောက်ခြင်း လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို လပွတ္တာ မြို့နယ်တရားသူကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များထံ အထိမ်းအမှတ်ပစ္စည်းနှင့် အထိမ်းအမှတ်အလံငယ်များ ပေးအပ်ခဲ့ပြီး မြို့နယ်တရားသူကြီးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်သည်တော်များက တရားရုံးအဆောက်အဦသစ် အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။ လပွတ္တာမြို့နယ်တရားရုံး၊ ပင်မရုံးအဆောက်အဦသစ်မှာ အလျား ၁၈၀ ပေ အနံ ၇ဝ ပေ အကျယ်အဝန်းရှိပြီး သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အအုံဖြစ်ပြီး တရားစီရင်ရေး ဆိုင်ရာလုပ်ငန်းများကို အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)