အိမ်မဲမြို့နယ် အခြေခံပညာ ကျောင်းပေါင်း(၂၀၀)တွင် ကျောင်းသား/သူများကို ကျောင်းအပ်စတင် လက်ခံ

အိမ်မဲ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၀၀)တွင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ကျောင်းသား/သူများကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

“အိမ်မဲမြို့နယ်မှာ အ​ခြေခံပညာကျောင်း (၁၉၆) ကျောင်းနဲ့ ဘက(ဘုန်းတော်ကြီးပညာသင်ကျောင်း) (၄) ကျောင်း စုစုပေါင်းကျောင်း (၂၀၀)ရှိပါတယ်။ အဲ့မှာရှိ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေက ကျောင်းသား/သူများ ကျောင်းအပ်တာကို လက်ခံပေးလျက်ရှိပါ တယ်လို့” မြို့နယ်ပညာရေးမှူး ဆရာမ ကြီးဒေါ်ခင်ဝင်းက ပြောကြားသည်။

အဆိုပါ ကျောင်းအပ်လက်ခံမှုများကို အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်မက လယ်ပေါ်ရပ်ကွက်မှာ နေပါတယ်။ ခု လယ်ပေါ်ကျောင်းမှာ သမီးလေးကို ကျောင်းလာ အပ်နှံပေးတာပါ။ ကျောင်းအပ် လက်ခံတဲ့နေရာမှာလည်း ငွေတစ်ပြားမှ မပေးခဲ့ရပါဘူး။ ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နဲ့ အခြားပစ္စည်းများလည်း အလကားရပါတယ်။ မိဘပြည်သူများကို ပြောချင်တာကတော့ မိမိတို့ရဲ့ ကလေးများကို စာသင်ကြားတဲ့အချိန်မှာ စာသင်ခန်းထဲ ရှိကြဖို့ ကျောင်းအပ်နှံကြပါလို့'' ကျောင်းသားမိဘတစ်ဦးကပြောသည်။

အိမ်မဲမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့အဖြင့် မေလ (၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားပြီး မြို့နယ်အတွင်း ကျောင်းအပ်နှံမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၈၁၄၈) ဦးခန့်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)