ထားဝယ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား လာရောက်အပ်နှံ

ထားဝယ် မေ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းသားမိဘများက ကျောင်းသား၊ ကျောင်းသူများအား လာရောက်အပ်နှံလျက်ရှိသည်။

ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းတက်ရောက် သင်ကြားကြမည့် ကျောင်းသား/သူများအား ကျောင်းသား မိဘများက လာရောက်အပ်နှံလျက်ရှိရာ ဆရာ/မများက နွေးထွေးပျူငှာစွာ ကြိုဆိုလက်ခံလျက်ရှိသည်။

နိုင်ငံတော်က ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းသားဝတ်စုံ(၁)စုံစသည့် ပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်းသိရပြီး ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် ၂၀၂၃ ခုနှစ်၊  မေလ ၂၂ ရက်နေ့ မှ မေလ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများတွင် အေးချမ်းစွာကျောင်းအပ်နှံရေးအတွက် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)