ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စိုက်ပျိုးရေးသိပ္ပံကျောင်း (မြောင်းမြ)၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေဆုံ၊ ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင်အသက် (၁၈) နှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

ပုသိမ် မေ ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းတွင် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆိုင်ရာအချက်အလက်များနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၌အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များစွာ လိုအပ်နေပါသေးကြောင်း၊ စိုက်ပျိုးရေးကွင်းများတွင် တောင်သူ ဦးကြီးများအားပါဝင်ကူညီဆောင်ရွက် အသိပညာပေးရန်လည်းလိုအပ်ပါကြောင်း၊ ကျောင်းဖွင့်ရာသီဖြစ်သဖြင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ထားကြရန်လိကြောင်း၊ ယခုနှစ်ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စိတ်ပါဝင်စားပြီး သင်ကြားပေးသည့် ကျောင်းများတွင်တက်ရောက်ရေး အသိပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်းတွင်စိုက်ပျိုးကြသည့် သီးနှံများနှင့်မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလေ့လာ၍ လက်တွေ့သင်ကြားပြသပေးရန်နှင့် လိုအပ်ချက်များရှိပါကလည်း တင်ပြဆောင်ရွက်ကြရန်” ပြောကြားခဲ့သည်။

 ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ၌ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေး တောင်သူနည်းပညာပေးသင်တန်းသို့ရောက်ရှိ၍ တောင်သူများနှင့် တွေ့ဆုံခဲ့ပြီး“မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုနေပါသေးကြောင်း၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း တိုးတက်ထွက်ရှိရေးအတွက် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းများဖြင့် စိုက်ပျိုးရေးမှ တာဝန်ရှိသူများ၊ အတွေ့အကြုံရှိသူများ၏ ဆွေးနွေးချက်များအား အလေးလိုက်နာလုပ်ဆောင်ရန်လိုပါကြောင်း၊ အထွက်နှုန်းတိုးတက်ရေးအတွက် သမာရိုးကျစိုက်နည်းစနစ်များဖြင့်မဟုတ်ဘဲ စိုက်ပျိုးရေးဦးစီးဌာနမှ ဆွေးနွေးပို့ချပေးသည့်နည်းစနစ်များနှင့်ပေါင်းစပ်၍ အောင်မြင်အောင် ဆောင်ရွက်ပေးကြရန်လိုပါကြောင်း”ပြောကြားပြီး တောင်သူများအား ဆင်းသုခ၊ ပေါ်ဆန်းရင်၊ ဧရာမင်း၊ ပေါ်ဆန်းကြီးမျိုးသန့်မျိုးပွားမျိုးစေ့များအား ထောက်ပံ့ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆိုင်ကလုန်းမုန်တိုင်း"မိုခါ" (MOCHA) လေဘေးသင့်ဒေသများသို့ ပေးပို့ လှူဒါန်းမည့် ငါးပိ(၁၀၀၀) ပိသာ၊ ငါးနီတူခြောက် (၁၀၀၀)ပိသာ၊ အိုင်အိုဒင်းဆား (၁၀၀၀) ပိသာ၊ ခေါက်ဆွဲခြောက် (၅၀၀) ဖာ၊ ကြက်ဥ/ဘဲဥ အလုံးရေတစ်သိန်း ထုပ်ပိုးပြီးစီး၍ သွားရောက်ပို့ဆောင်ရန်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးပို့လှူဒါန်းသည့်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် လိုအပ်သည့်နေရာများသို့ အမြန်ဆုံးရောက်ရှိစေရေး စနစ်တကျ ပို့ဆောင်ကြရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ၂၀၂၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၈)ခရိုင်အသက်(၁၈)အမျိုးသားဘောလုံးပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဘောလုံး အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုထူးချွန်ထက်မြက်သည့် ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သည့် အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများသည် အားကစားသမားကောင်း ပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ အားကစားဆိုသည်မှာ “ခွန်အားနှင့် ဉာဏ်ရည်ကိုအသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်ရပါကြောင်း၊ ဉာဏ်စွမ်းအားကောင်းမွန်မှု၊ မိမိအသင်းသားများနဲ့ ညီညွတ်စွာဆက်ဆံပေါင်းသင်းမှုစသည့် ကာယ၊ ဉာဏ၊ စာရိတ္တ စွမ်းရည်တွေကိုပါ ဘက်စုံထောင့်စုံက အတွဲညီစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်နှင့် တိုင်းဒေသကြီး၏ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ရန်" မှာကြားခဲ့သည်။

ဆက်လက်၍ စစ်ကြောင်းမှူးကဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုပြီးနောက် အားကစားသစ္စာ အဓိဋ္ဌာန် (၄) ချက်အားရွတ်ဆိုခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် ဖျာပုံခရိုင်အသင်းနှင့် မြန်အောင်ခရိုင်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ဖျာပုံခရိုင်အသင်းက မြန်အောင်ခရိုင်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)