ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ပွင့်ဖြူ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် "ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်အတိုင်းယနေ့နံနက် ၉ နာရီကစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများကို  ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုများကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများကို ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့်စာရေးကိရိယာပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

"ယခု ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှာ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသားကျောင်းသူတွေကို စတင်ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်နဲ့ စာရေးကိရိယာပစ္စည်းတွေကို အခမဲ့ထောက်ပံ့ပေးတာဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်ပညာရေး မှူးရုံးမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း(၁၆၉)ကျောင်းရှိရာ အ.ထ.က ကျောင်း(၁၀)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၂၀) ကျောင်း၊ အ.လ.က ကျောင်း (၂)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၁၂)ကျောင်း ၊ (မူလွန်)ကျောင်း (၁၀) ကျောင်း၊ အ.မ.က ကျောင်း(၁၀၇)ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်းတို့ဖြစ်ကြောင်းသိရကာ ယနေ့နံနက်ပိုင်းကစပြီး အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၃၁ ရက်နေ့အထိ ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)