ဝါးခယ်မမြို့နယ်ရှိ ပညာရေးဝန်ထမ်းများ စုပေါင်းပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီထံသို့ ငွေကျပ် သိန်း ၃၀ ကျော်လှူဒါန်း

ဝါးခယ်မ  အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ စုပေါင်းပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံသို့ အလှူငွေများ လှူဒါန်းမှုကို ယနေ့ နံနက် ၁၀ နာရီက စာရေးကုန်းရပ်ကွက် ဝါးခယ်မမြို့နယ်အသင်း (ရန်ကုန်) ရုံးခွဲ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ လှူဒါန်းမှုမှာ ဝါးခယ်မမြို့နယ် ပညာရေးမှူး ဒေါ်သင်းသင်းလဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများ စုပေါင်းပြီး အလှူငွေ ၃၁၄၄၅၀၀ ကျပ်ကို ဒုတိယအကြိမ်အဖြစ် လှူဒါန်းခြင်းဖြစ်ကြောင်း၊ ပထမအကြိမ်တွင် အလှူငွေကျပ် ၂၁ သိန်းအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ထိန်းချုပ်ရေး လုပ်ငန်းများ၊ အရေးပေါ်တုန့်ပြန်ရေးနှင့် အတည်ပြုလူနာများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်စေ ရေးအတွက် ပညာရေးဝန်ထမ်းများ စုပေါင်းပြီး လှူဒါန်းသော အလှူငွေအား မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်နှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)