မြောင်းမြ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာတွင် မိုးစပါးတစ်ဧက (၁၀) တင်းနှုန်း တိုးထွက်ရှိရေး တိုင်းအဆင့်တောင်သူအသိပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၂:၀၀) အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တက်ရောက်အမှာစကားပြောကြားပြီး တောင်သူများအားမျိုးစေ့များပေးအပ်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးစိန်မောင်မြင့်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်ကျော်ဦးမှ မြေဩဇာစနစ်တကျသုံးစွဲခြင်းနှင့် မြေနမူနာဓာတ်ခွဲစစ်ဆေးခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်တင်တင်ဝေမှ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်ခြင်း၊ ခေါင်နှံစနစ်၊ ဒုလက်ထောက်ဦးစီးမှူး ဦးချစ်ဆန်းမောင် မှ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းလှိုင်မှ စပါးရောဂါနှင့် ပေါင်းဘက်စုံ ကာကွယ်နှိမ်နင်းနည်း၊ လက်ထောက်ဦးစီးမှူး ဦးထက်ဝေလင်းမှ စပါးပိုးမွှားများနှင့် ကြွက်ဘက်စုံ ကာကွယ်နှိမ်နင်းနည်းများကို သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းကို မဒေါ့ပင်ကျေးရွာမှ (၁၆) ဦး၊ ကျုံဝါးေကျးရွာမှ (၂၄) ဦး၊ သပြေချောင်ကျေးရွာမှ (၆) ဦး၊ ကံချောင်ကျေးရွာမှ (၃) ဦး၊ ကွယ်လွယ်ကျေးရွာမှ (၂) ဦး၊ ဓနုံးချောင်းကျေးရွာမှ (၇) ဦး၊ ကြာဖူးငုံကျေးရွာမှ (၆) ဦး၊ ကံကြီးကျေးရွာမှ (၇) ဦး၊ မွေတော်ရှမ်းစုကျေးရွာမှ (၃) ဦး ရွာ (၉) ရွာမှ တောင်သူစုစုပေါင်း (၇၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)