မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းစတင်ဆောင်ရွက်

အထက်မင်းလှ  မေ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် “ကျောင်းနေ အရွယ်ကလေးများအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်(၈)နာရီမှစတင်၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေး လျက်ရှိသည်။

မင်းလှမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် (KG)တန်းမှ (Grade-12)အထိ သက်ဆိုင်ရာအတန်းများအလိုက်၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများမှ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျှက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ၊ ဘောပင်များကို နိုင်ငံတော်မှထောက်ပံ့ပေး လျက်ရှိကြောင်း၊ ကျောင်းအပ် လက်ခံဆောင်ရွက်ရာတွင် အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိ ကြောင်း၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ် လက်ခံခြင်းဆောင်ရွက်မည်ဖြစ်ပြီး ဇွန်လ (၁) ရက်နေ့မှ စတင်ကာ အခြေခံပညာ ကျောင်းများအားလုံး၊ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များအား ပေါင်းစပ်ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)