ဘားအံ မေ ၂၃
ကရင်တိုင်းရင်းသားမျိုးနွယ်စုအသင်းမှ ကြီးမှူးကျင်းပသော ဘားအံမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်း သင်တန်းဆင်းပွဲကို မေလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ရဟန်းတော်များ အသင်းမှ ဆရာတော်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် အားပေးချီးမြှင့်ကြသည်။
အဆိုပါ သင်တန်းကို မျိုးဆက်သစ် ကရင်တိုင်းရင်းသားလူငယ်များ မိမိတို့၏ စာပေယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို တန်ဖိုးထားလေးစားတတ်စေရန်၊ နယ်မြေဒေသအသီးသီးတွင် ကရင်စာပေနှင့် ယဉ်ကျေးမှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အမြဲထိတွေ့ပြီး ကင်းကွာမှုမရှိစေရန်၊ အခြေခံမှ စပြီးထဲထဲဝင်ဝင် ပိုမိုဆောင်ရွက်နိုင်ရန်နှင့် အနာဂတ်တွင် စာပေနှင့်ယဉ်ကျေးမှုကို သင်ကြားပို့ချပေးနိုင်မည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကရင်ရဟန်းတော်များအသင်းဥက္ကဋ္ဌ ကရင်ပရိယတ္တိ ဆရာတော် ဘဒ္ဒန္တဝိသုခက ဩဝါဒကထာမြွတ်ကြားကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က စာပေပျောက်လျှင် လူမျိုးပျောက်မည်ဆိုသည့် စကားအတိုင်း မိမိလူမျိုးမပျောက်စေဖို့ မိမိတို့၏စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို တန်ဖိုးထား ကြိုးစားလေ့လာသင်ယူရမည်ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အခမ်းအနားများ၊ နေ့ထူးနေ့မြတ် အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရန်နှင့် စာပေဘာသာစကားများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့် လျာထားပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေးစရိုက် လက္ခဏာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း မိမိလူမျိုးအတွက် ကောင်းမွန်သည့်အမွေကောင်းများ ထားခဲ့နိုင် ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲအတွက် ငွေကျပ် သိန်း(၁၂၀)ကို သင်တန်းဆင်းပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက မုက္ကဒိ၊ ရဲသာ၊ ကော့သိုက်၊ ကော့မန်းတလန်၊ လွန်းည၊ ခြံကလေး၊ ကော့ထမလိန်း၊ ခဲတောက်၊ ကျုံပိုက်၊ နော်ဖါးဒို၊ ကျောက်တစ်လုံး၊ ကော့ရင်းအောက်၊ တခွက်ဖိုးကျေးရွာ စာသင်ဌာနများမှ သင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းပွဲကျင်းပရေး ကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ယင်းနောက် ကရင်ရိုးရာတူရိယာများဖြစ်သော မိကျောင်းလျှာ၊ ဗျက်စောင်း၊ စောင်းကောက်တို့ဖြင့် တီးခတ် သီဆိုဖျော်ဖြေကြပြီး ကိုလိုနီခေတ်နှင့်လွတ်လပ်ပြီးခေတ်ဒုံးအက၊ မျက်မောက်ခေတ်ကာလ ဒုံးအကတို့ဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်းနှင့် ယနေ့သင်တန်းဆင်းပွဲတွင် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၂၆၄ ဦး စုပေါင်းသင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)