ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသူဈေးသားများ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ ရောင်းချရေး ကြပ်မတ်စစ်ဆေးအသိပညာပေး

ပွင့်ဖြူ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ဈေးသူဈေးသားများ သတ်မှတ်စည်းကမ်းချက်များအတိုင်း စနစ်တကျ ဈေးရောင်း ဈေးဝယ်ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဈေးတာဝန်ခံနှင့် ဈေးကော် မတီဝင်များပူးပေါင်းအဖွဲ့က ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့  ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ဦးဆောင်မှုဖြင့် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအလိုက် ဈေးပတ်ဝန်းကျင် သန့်ရှင်း သာယာရေး၊ မီးဘေးလုံခြုံစေရေးနှင့် ဈေးလုံခြုံမှုရှိစေရေးတို့အတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ရောင်းချရေး၊ နေ့စဉ် ဈေးရောင်းချပြီးချိန်၌ သန့်ရှင်းရေးလုပ်ငန်းအား မပြတ်ဆောင်ရွက်ရေး၊  ဈေးဆိုင်ခန်းတွင် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများနှင့်ပတ် သက်ပြီး စနစ်တကျ ကိုင်တွယ်အသုံးပြုရေး၊  မလိုအပ်ဘဲ လျှပ်စစ်မီးသုံးစွဲခြင်းများ ရှောင်ကြဉ် သတိပြုရေး၊ သားငါးဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချရာတွင် သန့်ရှင်းလတ်ဆပ်သော အသားငါးများကို စနစ်တကျရောင်းချရေး စသည့်ဈေးသူဈေးသားများ လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေးဆွေးနွေးပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် ပူးပေါင်းအဖွဲ့က ဈေးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ဈေးအတွင်းရှိ အများသုံး သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဈေးတာဝန်ခံနှင့် ဈေးကော်မတီဝင်များအား ဆွေးနွေးမှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့မ စည်ပင်သာယာရေးဈေးကြီးအပါအဝင် စည်ပင် သာယာရေး အဖွဲ့နယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင် သာယာဈေး(၄)ခုအား ဈေးပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် ဈေးတာဝန်ခံများနှင့် ဈေးကော်မတီအဖွဲ့များ ပူးပေါင်းပြီး ညစဉ် ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးသူဈေးသားများကို မီးဘေးကြိုတင် ကာကွယ် ရေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆင်ခြင်သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေး ဟောပြောခြင်း၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်အတွက် အပတ်စဉ်ဈေးသန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း ပွင့်ဖြူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )