ငဖဲ မေ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံရေးကို ယနေ့နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တန်းခွဲအလိုက် ကျောင်းအပ်နှံကြသူ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော အတန်းလိုက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ(၄)ချောင်းနှင့် ကျောင်းဝတ်စုံတစ်စုံစီကို မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ် တစ်ဒါဇင်နှင့် ခဲတံ(၂)ချောင်း၊ ဘောလ်ပင်(၂)ချောင်းစီကို အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ပေးအပ်သည်။
ငဖဲမြို့နယ်တွင် အထက်တန်းကျောင်း (၃)ကျောင်း၊ အ.ထ.က(ခွဲ) (၃)ကျောင်း၊ အ.လ.က(၅)ကျောင်း၊ အ.လ.က(ခွဲ) ၁၁ ကျောင်း၊ မူလွန် (၁၅)ကျောင်း၊ အ.မ.က (၃၄) ကျောင်း၊ အ.မ.က(ခွဲ) ၁၁ ကျောင်း စုစုပေါင်း (၈၂)ကျောင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မယု(ငဖဲ)