မြတ်မော်တင်ကျောင်းတိုက် ပဓာနနယကဆရာတော် ဘဒ္ဓန္တသုဇာတ ဆရာတော် အရှင်သူမြတ်ကြီးအား ဂုဏ်ပြုပူဇော်အပ်သော ဂုဏဝိသိဋ္ဌပူဇာ မဟာမင်္ဂလာသဘင် အခမ်းအနားကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သာသနာပြုကိစ္စ စွမ်းဆောင်ရည်အဝဝကြောင့် အဆင့်မြင့် သာသနာပြုအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်အလှူခံရရှိတော်မူသော မြတ်မော်တင်ကျောင်းတိုက် ပဓာနနယကဆရာတော် ဘဒ္ဓန္တသုဇာတ ဆရာတော်အရှင်သူမြတ်ကြီးအား ဂုဏ်ပြုပူဇော်အပ်သော ဂုဏဝိသိဋ္ဌပူဇာ မဟာမင်္ဂလာသဘင် အခမ်းအနားကို ယနေ့နေ့လည် (၁၃း၀၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၊ မြတ်မော်တင်တောင်တော်ရှိ ဝေနေယျသုခဝေဇယန္တာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားမစတင်မှီ ငပုတောမြို့နယ်၊သာသနာရေးဦးစီးမှူး ဦးလင်းလင်းစိုးမှ အခမ်းအနား အစီအစဥ်များအား ဖတ်ကြားလျှောက်ထားခဲ့ပြီး ဘွဲ့တံဆိပ်တော်ရ အပူဇော်ခံဆရာတော်ဘုရားကြီးအား သာသနာတော်ဆိုင်ရာ အခမ်းအနားနှင့်အညီ ဂုဏဝိသိဋ္ဌ ဂုဏာသန ပူဇာရဟ ပလ္လင်တော်ထက်သို့ ပင့်ဆောင်တော်မူပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ညောင်ပင်သာဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းမှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘုရားကြီးအား ဘွဲ့တံဆိပ်တော်အား ထပ်ဆင့်ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် အမှတ်(၂၃)ရေတပ်အုပ်ချုပ်ရေးတပ် တပ်မှူးဗိုလ်မှူးဝေလွင်အောင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး ဘွဲ့တံဆိပ်တော်ရ အပူဇော်ခံဆရာတော်ဘုရားကြီးနှင့် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား လှူဒါန်းဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဆက်လက်၍ သစ္စာမဏ္ဍာနိုင်ဆရာတော် ဒေါက်တာဂန္တသာရ အရှင်သူမြတ်ထံမှ လှူဒါန်းမှုကုသိုလ်အစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေပြီး ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာသဘင်အခမ်းအနားကြီးကို ကမ္မပထမြောက် ဆုံးခန်းရောက်အောင် ပူဇော်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါ၍ ကြွရောက်တော်မူလာကြသည့် ဆရာတော်များဦးဆောင်ကာ ဧည့်ပရိသတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)