ကသာ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Cemtre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်၏ “ကောင်းကျိုးတည်ရန် မျှော်လင့်သည်” ဝေမျှဖလှယ် အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁) နာရီချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကသာမြို့ Book Club အဖွဲ့ဝင် စာရေးဆရာ (သင်းမွှေး၊ ကသာ) က စာရေးဆရာမ ခင်စောတင့် ရေးသားသည့် “ကောင်းကျိုးတည်ရန် မျှော်လင့်သည်” ဝေမျှဖလှယ် အတွေးအမြင်စာစုများ စာအုပ်တွင်ပါရှိသည့် “လိုချင်တာကို ရတဲ့သူဖြစ်ချင်ပါသလား” အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး မြို့နယ် Book Club အဖွဲ့ဝင် စာရေးဆရာ (ကိုဘ၊ ကသာ)က လည်းကောင်း၊ စာရေးဆရာ ဦးသန်းဦး (ကြယ်ပြောင်၊ ကသာ) ကလည်းကောင်း၊ စာပေချစ်သူ ဦးမျိုးမြင့်အောင်နှင့်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက အသီးသီးဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ စာရေးဆရာ (သင်းမွှေး၊ ကသာ)က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် တိုးတက်ရာတိုးတက်ကြောင်းကို ရည်မှန်းချက်ရှိစွာ လျှောက်လှမ်းရမည် ဖြစ်ကြောင်း၊ လူငယ်တို့တွင် ရည်မှန်းချက်ပန်းတိုင်ထားရှိရမည်ဖြစ်ပြီး မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ငယ်စဉ်ကပင် ကိုယ်ချင်းစာစိတ်၊ ညှာတာစိတ်ရှိဖို့ လိုအပ်ကြောင်း၊ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ရမည်၊ သည်းခံခြင်း၊ ဇွဲရှိခြင်းနှင့် ဝီရိယရှိဖို့ လိုအပ်ကြောင်းတို့ကို ပြန်လည်ဖြည့်စွက်ဆွေးနွေးကာ စာပေချစ်သူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Cemtre )ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင့် သိရသည်။
ကျော်စွာ(ကသာ)