သရက်ချောင်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သရက်ချောင်း  မေ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၏ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်က ပန်းတောရပ်ကွက်ရှိ ဘော်လုံးကွင်းတွင် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပပြုလုပ်သည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊  မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစိုးဦးတို့က စိုက်ပျိုးမည့် အပင်များအား ပေးအပ်ရာ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများတို့က လက်ခံရယူပြီး သတ်မှတ်နေရာအသီးသီးတို့၌ ပျဥ်းကတိုး၊ စိန်ပန်း၊ မယ်ဇလီ၊ ခရေနှင့် မန်ဂျန်ရှား ပျိုးပင်ပေါင်း ၅၀၀ ကျော်တို့ကို စနစ်တကျ စုပေါင်း စိုက်ပျိုးပေးခဲ့ကြသည်။

သရက်ချောင်းမြို့နယ်တွင် မိုးရာသီကာလ ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးနိုင်ရန်မြို့နယ် သစ်တော ဦးစီးဌာန မြို့နယ်ပျိုးဥယျာဉ်တွင် ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ခရေ၊ မယ်ဇလီ၊ စိန်ပန်း၊ ပုန်းညှက်ပျိုးပင်အမျိုးအစား ၆ မျိုးခန့်အား အပင်ပေါင်း ၂၀၀၀၀ ကျော် ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားကာ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအနေဖြင့် စုပေါင်းစိုက်ပျိုးလိုပါက ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

နန်းခလိုက်(သရက်ချောင်း)