ပွင့်ဖြူ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီခွဲက မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ ကုန်စုံပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များကို တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးအတွင်းအပြင်ရှိ လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်း အရောင်းအဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ပြည်သူများထံ လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ဘေးကင်းလုံခြုံစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မပြုရန်၊ သက်တမ်းလွန်နေသော အစားအသောက်များ ရောင်းချခြင်းမပြုရန်၊ ဆေးဝါးပစ္စည်းများအား သာမန်ထက်ပို၍ ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်းမပြုရန်နှင့် သက်တမ်းလွန်သော ဆေးဝါးများ ဖြန့်ဖြူးရောင်းချခြင်းမပြုရန်တို့ကို အကြံပြုဆွေးနွေးကာ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ဆေးဝါးနှင့် စားကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ပြည်သူများအတွက် ကျန်းမာရေး ဘေးကင်းလုံခြုံစေရန် ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ သက်ရှည်ကျန်းမာစေရန်နှင့် ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးအပါအဝင် မြို့နယ်အတွင်းရှိ လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို သွားရောက်ကာ လုပ်ငန်းရှင်များအား တွေ့ဆုံ၍ လိုက်နာရမည့် စည်းကမ်းချက်များနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းတို့ကို အရှိန်အဟုန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်ဌေးဌေးဝင်းက ပြောပြာ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )