ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ‌အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်

ကြံခင်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို  ယနေ့ နံနက်(၈) နာရီအချိန်က ဘက်ရဲမြို့အမှတ်(၂) ရပ်ကွက်ရှိ (အ-ထ-က)ဘက်ရဲ၊ (အ-မ-က)ရွှေကျောင်းနှင့် အမှတ်(၁) ရပ်ကွက်ရှိ (အ မ က)ကျုံးစုတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ဆိုင်ကလုန်း မုန်တိုင်း(မိုခါ)ကြောင့် မိုးရွာသွန်းပြီး ခြင်ပေါက်ဖွားမှု များပြားလာနိုင်ခြင်း၊ ကျောင်းများဖွင့်လှစ်ပြီး ကျောင်းတက် ရောက်ချိန်တွင် ကျောင်းသား/သူများ  ခြင်ကြောင့်ဖြစ်ပွား နိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေး စေရန်၊ ရေတင်ကျန် နိုင်သော အိုးခြမ်းပဲ့နှင့် ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း ဆောင်ရွက်ပြီး  ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများအား အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘက်ရဲတိုက်နယ် ကျန်းမာရေး ဆရာ၊ ဆရာမများ၊ ဘက်ရဲနယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)