စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်းသရုပ်ပြပွဲ အခမ်းအနားတက်ရောက်

မုံရွာ မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စိုက်ပျိုးမှု ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် သီးနှံ မျိုးစုံ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးသီးနှံများ၏ စိုက်ပျိုးမြေဧရိယာအသုံးချမှု တိုးတက်ရေး၊ တစ်ဧကထုတ်လုပ်မှု စွမ်းအားတိုးတက် ရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာတွင် စိုက်ပျိုးနေသည့် သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်း ရရှိရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နှစ်စဉ်စပါးဧက ၂၀ သိန်း၊ စိုက်ပျိုးရာတွင် လက်ရှိအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း ၈၀ ထွက်ရှိရာ တင်း ၉၀ ထွက်မည်ဆိုပါက တင်းသန်း ၂၀ ပိုမိုထွက်ရှိ လာမှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံများအား ပန်းတိုင် ရည်မှန်းချက်အား ပြည့်မီအောင်စိုက်ပျိုးနိုင်မည်ဆိုပါက တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲ၊ဖူလုံမှုများ ပိုမိုတိုးတက်လာနိုင်မှာဖြစ်သလို ဝါသီးနှံစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်း ရရှိစေခြင်း ဖြင့် ပြည်သူများ ဝတ်ရေးဖူလုံစေပြီး ပြည်ပမှချည်ထည်များ တင်သွင်းမှုအား လျော့ချနိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း စိုက်ပျိုးရေးအတွက် ရေလို အပ်ချက်အား လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်ပြောင်းလဲနိုင်ရေးစသည့် ကဏ္ဍများကိုလည်း စွမ်းအားရှိသ၍ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးမည့် နည်းပညာများအား စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်နှင့် ရရှိလာသည့် နည်းပညာများအား ကိုယ်တိုင်အသုံးပြုခြင်းနှင့် တောင်သူများထံ ပြန်လည်ဖြန့်ဝေပေးခြင်းများ ပြုလုပ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်ဦးက စိုက်ပျိုး သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြများမှ တစ်ဦးမိတ်ဆက်ကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချမှု၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာန ရုံးဝန်းအတွင်း ကျင်းပပြုလုပ်သော ပျိုးထောင်စက်၊ မျိုးစေ့ချစက်နှင့် ကောက်စိုက်စက်များ အသုံးပြုမှု သရုပ်ပြပွဲသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းတိုက်က လယ်ယာသုံး စက်ကိရိယာများဖြစ်သည့် ၃ တန်းသွားဝါမျိုးစေ့ချကိရိ ယာ၊ ၈ တန်းသွား နှမ်းမျိုးစေ့ချကိရိယာ၊ Kubota ၆ တန်းသွား ကောက်စိုက်စက်နှင့် လက်တွန်း ထွန်စက်အပြင် လူနှင့် ပါဆွဲနိုင်သည့် ၂ မျိုးသုံး ၈ တန်းသွားမျိုးစေ့ချကိရိယာများ အသုံးပြုမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံတောင်သူများအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၊ မြေအသုံးချမှု၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းမအတွင်း ခင်းကျင်းပြသထား ရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)